Revision 198660 of "မြို ခေါ် ခမ တိုင်းရင်းသားလူမျိုး" on mywiki

[[File:61HCIS.JPG|thumb|right|မြိုတိုင်းရင်းသူများ]]
မြို ခေါ် ခမိ တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် ဟုဆိုခါ လူမျိုးစု ၇ စု ရှိသည်။ အနောက်မဇိမမှ စစ်ဘေးဒဏ်ကြောင့် မြို ခေါ် မမိတို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ခေါ် ခမိ ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံ၊ မဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ခေါ် ခမိ ဘာသာစကားဖြင့် ကီမာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ ယင်းမှတစ်ဆင့် အချို့သည် ဂစ္ဆမနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံစွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ အချို့မှာ အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ထိ ရောက်ရှိ ပျံ့နှံခဲ့ကြသည်။

	ရှေးလူကြီး သူမတို့၏ ပြောစကားအရ ခမိ သည် ခေါ်မှုန့် မှ လာသည်ဟု သိရသည်။ ခေါ်မှုန့် အဓိပါယ်မှာ ဂူထဲမှ သို့မဟုတ် မှောင်မိုက်သည့် နေရာမှ သို့မဟုတ် မိုးကောင်းကင်အောက်ဟု အဓိပါယ်ရပါသည်။ နောင်အခါတွင် ခေါ်မှုန့် မှ ခေါ်မီ၊ ခေါ်မီမှ ခမီ၊ ခမီမှ ခမိ ဖြစ်ခဲ့သည်။ ဂူထဲမှလူ မနုဿလူသားဟူသော အဓိပ္ပါယ်ရသည်။

	ရှေးဦးလူသားများသည် ဂူထဲတွင် အနေကြာလာပြီးနောက် လူဦးရေ တဖြည်းဖြည်းတိုးပွားလာကြရာမှ ဂူထဲအနေမဆံ့သည့်အခါ လည်းကောင်း၊ အနာ၊ ရောဂါဘယများပြားခြင်းကြောင့်လည်းကောင်း၊ အချင်းချင်းပြဿနာရှိလာကြခြင်းကြောင့်လည်းကောင်း၊ အကြီးအကဲတို့ရဲ့ ခွင့်ပြုချက်အရ သဘာဝကျောက်ဂူခေါင်းထဲမှ အပြင်ထွက်ကြပြီး ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို မြို ခေါ် ခမိ ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကြသည်။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာသည်။ ရှေးပညာရှိများက မြို ခေါ် ခမိ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။ ယင်းမှတစ်ဖန် ခေါ်မှုန့် ကို အစွဲပြုပြီး မြို ခေါ် ခမိ ဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွှန်းပြောဆိုလေ့ ရှိကြပြီး ခမီ(လူသား)ကိုလည်း အမည်နာပပညတ်ပြီး ခေါ်ကြသည်။
== ကိုလိုနီ ==
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့် နယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ်ခြင်းကို ရခိုင်နှင့်အတူ မြို ခေါ် ခမိ တိုင်းရင်းသားများလည်း ခံခဲ့ကြရသည်။
== လွတ်လပ်ရေးရပြီး ==
ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကို တည်ထောင် ခွင့်ရရှိခဲ့သည်။ ယင်း ခေတ်အချိန်က မြို ခေါ် ခမိ အမျိုးသားများသည် အသိပညာ ဗဟုသုတ နည်းပါးကြသေးသည့်အတွက် ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်သည် သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည့် ခမီ မှန်သည်ဟု အငြင်းပွားပြသနာဖြစ်ခဲ့ဖူးသည်။

	ယင်းကြောင့် ၁၉၇၁-၇၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နေထိုင်သည့် ဒေသတစ်ခုစီရဲ့ အစွဲ၊ ဝိဝါဒများကြောင့် မြို နှင့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာသည်။

== ကိုးကား ==
၁၃ ရက် ၁ဝ လ ၂၀၁၀ ပြည့်နှစ်၊ ကြေးမုံသတင်းစာ။